Hlaing Township is an area of Yangon, Myanmar. The township comprises 16 wards and shares borders with Mayangone township and Thamaing Creek in the north, Mayangone township and Inya Lake in the east, Kamayut Township in the south and Hlaing Thar Yar Township in the west. It has 32 primary schools, 8 middle schools and 4 high schools.
Near around 4,500 businesses situated in this area, over 51,000 employees working in these respective businesses, Area 13.6 sq km (5.29 sq mi) – Density: 11,761/sq km, Total Population 160,307 people living in this township. Postal Code - 11051/11052

လှိုင်မြို့နယ် သည် တချိန်က အင်းစိန်ခရိုင်၏ ကမာရွတ်တိုက်နယ်မှ နယ်မြေ ဖြစ်ခဲ့သည်။ ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရလက်ထက်တွင် ဒေသစိတ်များ ပိုင်းခြားသတ်မှတ်ခဲ့ရာ လှိုင်မြစ်ကို အကြောင်းပြုပြီး လှိုင်ဒေသစိတ်ဟု အမည်တွင်သော ဒေသစိတ်တစ်ခု ဖြစ်လာသည်။ ကမာရွတ်ဒေသစိတ်၊ လှိုင်ဒေသစိတ်နှင့် မရမ်းကုန်းဒေသစိတ်ဟူ၍ ဒေသစိတ် သုံးခု သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ ၁၉၇၄ ခုနှစ် ဧပြီလတွင် လှိုင်မြို့နယ်ဟု သတ်မှတ်ပြဋ္ဌာန်းခဲ့သည်မှာ ယခုတိုင် ဖြစ်သည်။
အကျယ်အဝန်း ၅ ဒသမ ၂၉ စတုရန်းမိုင် ရှိသော လှိုင်မြို့နယ်တွင် ရပ်ကွက် (၁၆)ခု ပါဝင်သည်။ (၁) ရပ်ကွက်၊ (၂) ရပ်ကွက် စသဖြင့် (၁၆) ရပ်ကွက်အထိ အမှတ်စဉ်ထိုးပြီး ခေါ်ဝေါ်သည်။ သီးခြားအမည် မရှိချေ။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရင်းများအရ ၎င်းရပ်ကွက်များတွင် ၂၀၁၇ ခုနှစ် မတ်လကုန်၌ အိမ်ခြေ (၁၄ ၁၃၉)ခု ရှိပြီး အိမ်ထောင်စု (၂၉ ၆၆၈)စု နေထိုင်သည်။ လူဦးရေမှာ (၁၂၅ ၀၆၀)ဦး ဖြစ်သည်။
လှိုင်မြို့နယ်၏ အနောက်ဘက် နယ်နိမိတ်တလျှောက်တွင် လှိုင်မြစ်ရှိနေပြီး ကျန်နေရာများတွင် သမိုင်းချောင်းနှင့် မရမ်းကုန်းမြို့နယ်၊ အင်းယားကန်နှင့် ကမာရွတ်မြို့နယ်တို့ ဝန်းရံထားသည်။
မြေမျက်နှာသွင်ပြင်မှာ ယေဘုယျအားဖြင့် မြေပြန့်လွင်ပြင်ဖြစ်ပြီး သမိုင်းချောင်းနှင့် တံတားဖြူချောင်းတို့သည် လှိုင်မြို့နယ်ကို ဖြတ်သန်းပြီး လှိုင်မြစ်အတွင်းသို့ စီးဝင်သည်။
Business Collection Group (BCG) ၏ အချက်အလက်များအရ စီးပွားရေး လုပ်ငန်း (၄ ၅၀၀)ကျော် ရှိပြီး လုပ်သားအင်အားစု (၅၁ ၀၀၀)ဦးကျော် လုပ်ကိုင်လျက်ရှိသည်။ ဝန်ဆောင်မှုလုပ်ငန်းများမှာ အများစုဖြစ်ပြီး ကုန်ထုတ်လုပ်ငန်း အနည်းငယ်ရှိသည်။ MICT Park သည် ကွန်ပျူတာဆိုင်ရာ လုပ်ငန်းနယ်ပယ်တွင် ထင်ရှားသည်။ ကမ္ဘာ့ထိပ်တန်း ကားများဖြစ်သည့် Jaguar၊ Ford တို့၏ အရောင်းခန်းမများအပါအဝင် Car Showroom (၂၅)ခုကျော် ရှိသည်။ ထိပ်တန်းလုပ်ငန်းစုကြီးများ ဖြစ်ကြသည့် ထူး၊ ဝင်းအင်ဝင်း၊ အီးအက်ဖ်ဒီ၊ ဂရင်းရွိုင်ရယ်ဂရု(ပ်) အစရှိသည့် ကုမ္ပဏီများ အပါအဝင် ကုမ္ပဏီပေါင်း (၄၀၀)နီးပါး ရုံးဖွင့်လှစ်ထားကြသည်။ ပြည်ပသံရုံးများလည်း တည်ရှိပေရာ ဆွစ်ဇာလန်သံရုံး၊ ဒိန်းမတ်သံရုံး၊ နော်ဝေသံရုံး၊ အစ္စရေးသံရုံးတို့ ပြည်လမ်းအနီးတွင် တည်ရှိကြသည်။

စွမ်းအင်ကဏ္ဍတွင် နိုင်ငံပိုင် ဓာတ်ဆီဒီဇယ်ဆီအရောင်းဆိုင် တစ်ဆိုင်ရှိပြီး ပုဂ္ဂလိကပိုင် ၄ ဆိုင် ရှိသည်။ ၎င်းတို့မှာ Max Energy၊ 360 Petrol၊ မြဝတီနှင့် MMTM တို့ဖြစ်သည်။
နိုင်ငံပိုင် သဘာဝဓာတ်ငွေ့အရောင်းဆိုင် တစ်ဆိုင် ပါရမီ တွင်ရှိသည်။
မြို့ပတ်ရထားလမ်းပိုင်းသည် အမှတ်(၂) ရပ်ကွက်မှ အမှတ်(၁၆)ရပ်ကွက်အထိဖြစ်ပြီး အလျား ၁မိုင်ခွဲ ရှည်လျားသည်။
နေ့စဉ်အလုပ်တက်ဆင်း ကူးသန်းသွားလာမှုများတွင် အဓိကျသည့် လမ်းမကြီးများ ဖြစ်သော ရန်ကုန်အင်းစိန်လမ်း၊ ပြည်လမ်း၊ ဘုရင့်နောင်လမ်းနှင့် ဗဟိုလမ်းတို့သည် လှိုင်မြို့နယ်ကို တောင်မြောက် ဖြတ်သန်းထားကြသည်။ ဗဟိုလမ်းတွင် ဝိုင်ဘီအက်စ် ယာဉ်လိုင်းများ ဖြစ်ကြသော ၁၁ ၊ ၂၂ ၊ ၉၄ အစရှိသည့် လိုင်းများ ပြေးဆွဲသည်။ ရန်ကုန်အင်းစိန်လမ်းတွင် ၂၁၊ ၃၉၊ ၄၁၊ ၆၁၊ ၆၅၊ ၇၇၊ ၇၈၊ ၈၆ အစရှိသည့် လိုင်းများ ပြေးဆွဲသည်။ ဘုရင့်နောင်လမ်းမကြီးတွင် ၁၉၊ ၂ဝ၊ ၂၃၊ ၃၈၊ ၄ဝ၊ ၆ဝ၊ ၈၅၊ ၉၈ အစရှိသည့် လိုင်းများ ပြေးဆွဲသည်။ ပြည်လမ်းမကြီးတွင် ၃ဝ၊ ၃၅၊ ၃၇၊ ၉၇ အစရှိသည့် လိုင်းများ ပြေးဆွဲသည်။
စာပို့သင်္ကေတ အမှတ်များမှာ ၁၁၀၅၁ နှင့် ၁၁၀၅၂ တို့ ဖြစ်သည်။
စည်ပင်သာယာရေးကော်မတီ ဈေးများဌာနလက်အောက်ရှိ ထင်ရှားသည့် ဈေးများမှာ သီရိမင်္ဂလာဈေး၊ ရွှေပိတောက်ငါးဈေး၊ လှိုင်ဈေးကြီး၊ လှိုင်ရတနာဈေး၊ အုတ်ကျင်းဈေး၊ ရတနာမွန်ဈေး၊ လှိုင်သာယာဈေး၊ ရွှေဟင်္သာဈေးတို့ ဖြစ်သည်။
အစိုးရပညာရေးကဏ္ဍတွင် မူလတန်းကြိုကျောင်း (၉)ခု၊ မူလတန်းကျောင်း (၂၆)ခု၊ အလယ်တန်းကျောင်း (၈)ခု၊ အထက်တန်းကျောင်း (၄)ခု ရှိသည်။
ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၄)ခု ရှိသည်။
ပုဂ္ဂလိကပညာရေးကဏ္ဍတွင် ထင်ရှားသည်မှာ STI Myanmar University ဖြစ်သည်။