Kyeemyin Daing Township is located in the western part of Yangon and shares borders with Kamayut Township in the north, the Yangon River and Toun Tae Township in the west, Sanchaung Township in the east, and Ahlone Township in the south. It consists of 22 wards.
Over 1,800 businesses, total around 12,736 employees working in these respective businesses, Area: 12.5 sq km – Density: 8,955/sq km, Total Population 111,514 people living in this township. The township has 15 primary schools, three middle schools and five high schools. Postal codes 11101

ကြည့်မြင်တိုင်မြို့နယ် သည် ၁၉၇၄ ခုနှစ် ပြင်ဆင်သတ်မှတ်လိုက်သည့် ရန်ကုန်စည်ပင်သာယာရေး နယ်နိမိတ်တွင် ကြည့်မြင်တိုင်မြို့နယ် ဧရိယာကို သတ်မှတ်ပြဋ္ဌာန်းပေးခဲ့ပြီး ရပ်ကွက် (၂၁)ခု ဖြင့် ဖွဲ့စည်းပေးထားသည်။ ရန်ကုန်မြို့ကို တိုးချဲ့ရန် ရန်ကုန်မြစ် တဖက်ကမ်းကိုပါ ထည့်သွင်းသည့်အခါ ၂၀၀၄ ခုနှစ် ဒီဇင်ဘာလတွင် ကြည့်မြင်တိုင်မြို့နယ် နယ်နိမိတ်ထဲတွင် တွံတေးမြို့နယ် ဝါးရုံဆိပ်ကျေးရွာအုပ်စုမှ ဝါးရုံဆိပ်ကျေးရွာနှင့် အေးရွာ စုစုပေါင်း မြေဧရိယာ (၁ ၆၉၅)ဧကကို ဝါးရုံဆိပ်အေးရွာ(အနောက်)ရပ်ကွက်အဖြစ် သတ်မှတ်ပြီး ထည့်သွင်းခဲ့သည်။ သို့ဖြစ်ရာ ကြည့်မြင်တိုင်မြို့နယ်တွင် ရပ်ကွက် (၂၂)ခု ဖြစ်သွားခဲ့သည်။ ရန်ကုန်မြစ်တဖက်ကမ်းမှ ကြည့်မြင်တိုင်မြို့နယ်အပိုင်းတွင် ရှိသော ရပ်ကွက် (၃)ခုကို ၂၀၁၆ ခုနှစ်တွင် အမည်ပြောင်းလဲဖွဲ့စည်းပြန်ရာ၌ အေးရွာသည် အေးရွာ ဘလုတ်ညွှန့် စက်ကလေး ရပ်ကွက်၊ စက်ဆန်းသည် စက်ဆန်း အောက်ရုံ အလတ်ချောင်း ရပ်ကွက်၊ ဒါဝတ်ဆိပ်ကြီးသည် ဆိပ်ကြီး ဦးမြ ငါးစင်ရပ်ကွက် ဟူ၍ သတ်မှတ်ခေါ်ဝေါ်သည်။ သို့ဖြစ်ရာ ရပ်ကွက်အမည်များမှာ အေးရွာ ဘလုတ်ညွန့် စက်ကလေးရပ်ကွက်၊ ဘော်ကာရပ်ကွက် (ဘောဂရပ်ကွက်)၊ ချင်းချောင်းဟုမ်းလမ်းရပ်ကွက် (ပန်းလှိုင်ရပ်ကွက်)၊ ထီးတန်းစက်မြေရပ်ကွက်၊ ကရင်အမျိုးသားရပ်ကွက်၊ မကျည်းတန်း(မြောက်/အရှေ့)ရပ်ကွက်၊ မကျည်းတန်း (မြောက်/အနောက်)ရပ်ကွက်၊ မကျည်းတန်း(တောင်/အရှေ့)ရပ်ကွက်၊ မကျည်းတန်း(တောင်/အနောက်)ရပ်ကွက်၊ အိုးဘိုရပ်ကွက်၊ ဆေးရိုးတန်း ငြိမ်းချမ်းရေးရပ်ကွက်၊ ဆိပ်ကြီး ဦးမြ ငါးစင်ရပ်ကွက်၊ စက်ဆန်းအောက်ရုံ အလတ်ချောင်းရပ်ကွက်၊ သရက်တော(မြောက်)ရပ်ကွက်၊ သရက်တော(တောင်)ရပ်ကွက်၊ သာဓု(အရှေ့)ရပ်ကွက်၊ သာဓု (အနောက်)ရပ်ကွက်၊ သီတာရပ်ကွက်၊ ဝါးရုံဆိပ်/အေးရွာ(အနောက်)ရပ်ကွက်၊ ဈေးကြီး(အရှေ့)ရပ်ကွက်၊ ဈေးကြီး(အနောက်)ရပ်ကွက်၊ ဈေးကလေးရပ်ကွက် ဟူ၍ ဖြစ်သည်။
ကြည့်မြင်တိုင်မြို့နယ် အကျယ်အဝန်းမှာ ၄ ဒသမ ၈၀၈ စတုရန်းမိုင် ဖြစ်ပြီး ၂၀၁၇ ခုနှစ် မတ်လကုန်တွင် အိမ်ခြေ (၁၃ ၀၀၁)ခု ရှိပြီး အိမ်ထောင်စု (၂၂ ၅၅၁)စု နေထိုင်လျက် ရှိသည်။ လူဦးရေမှာ (၁၀၂ ၁၈၇)ဦး ဖြစ်သည်။ ကြည့်မြင်တိုင်မြို့နယ်သည် လှိုင်မြစ်(ရန်ကုန်မြစ်)ကို ခွ၍ တည်ရှိနေပြီး လှိုင်မြစ်(ရန်ကုန်မြစ်)သည် မြို့နယ်၏ အလယ်တစ်ဝိုက်ကို ဖြတ်သန်းစီးဆင်းနေသည်။ ပန်းလှိုင်မြစ်သည် အနောက်မှ အရှေ့သို့ ဖြတ်သန်းစီးဆင်းပြီး ရန်ကုန်မြစ်အတွင်းသို့ စီးဝင်ပူးပေါင်းသည်။ ရန်ကုန်မြစ်သည် နွေရာသီတွင် ရေငံသဖြင့် သောက်ရေအဖြစ် သုံး၍မရပေ။ ပန်းလှိုင်မြစ်မှာ နွေရာသီတွင် ရေတိမ်သည်။ အနက် သုံးပေဝန်းကျင်သာ ရှိသဖြင့် စက်တပ်ရေယာဉ်များ သွားလာဖို့ ခက်ခဲသည်။ မြို့နယ်အတွင်းတွင် စီးပွားရေး လုပ်ငန်းပေါင်း (၁ ၈၀၀)ကျော် ရှိပြီး လုပ်သားအင်အားစု (၁၂ ၇၃၆)ဦး ရှိကြောင်း Business Collection Group (BCG) မှ အချက်အလက်များအရ သိရသည်။
စွမ်းအင်ကဏ္ဍတွင် ပုဂ္ဂလိကပိုင် ဓာတ်ဆီဒီဇယ်ဆီအရောင်းဆိုင် လေးဆိုင် ရှိသည်။ OK Energy၊ MMTM ၊ Petro Greenနှင့် Regency တို့ဖြစ်သည်။ နိုင်ငံပိုင် သဘာဝဓာတ်ငွေ့ အရောင်းဆိုင် တစ်ဆိုင်ရှိသည်။ တစ်နှစ်လျှင် ဓာတ်ငွေ့ ကုဗပေ ၂၅ သန်းခွဲ ဖြန့်ဖြူးပေးလျက်ရှိသည်။
မြို့ပတ်ရထားလမ်းပိုင်းမှာ ဟံသာဝတီဘူတာမှ ပန်းလှိုင်ဘူတာအထိဖြစ်ပြီး အရှည် သုံးမိုင်နီးပါးရှိသည်။ ကြည့်မြင်တိုင် ကမ်းနားလမ်းနှင့် အထက်ကြည့်မြင်တိုင်လမ်းတို့သည် အဓိကျသည့် လမ်းများဖြစ်သည်။ ကြည့်မြင်တိုင် ကမ်းနားလမ်းရှိ လဟာပြင် ညဈေးသို့ ဝိုင်ဘီအက်စ် ဘတ်စ်လိုင်း ၁၄၊ ၁၉၊ ၂ဝ၊ ၃ဝ၊ ၄ဝ၊ ၆၂၊ ၈၅၊ ၉၈ တို့ ပြေးဆွဲသည်။ ကြည့်မြင်တိုင် အထက်လမ်း တွင် ၁၁၊ ၂၂၊ ၄၁၊ ၇၅၊ ၈၉၊ ၉၄ တို့ ပြေးဆွဲသည်။
စာပို့သင်္ကေတမှာ ၁၁၁၀၁ ဖြစ်သည်။

မြို့နယ်တွင် ကြယ်တစ်ပွင့်အဆင့်ရှိ ဟိုတယ် သုံးလုံး ရှိပြီး အမည်များမှာ Hotel Royal King ၊ Hotel Gloryနှင့် Grace Treasure Hotel တို့ဖြစ်သည်။ ထင်ရှားသည့် ဈေးများမှာ ရေထွက်ကုန်စည်များ ဒိုင်ဖွင့် အရောင်းအဝယ်ပြုသည့် ဗဟိုစံပြငါးဈေးကြီး၊ လေဟာပြင်ညဈေး၊ ကမ်းနားဈေး၊ ကမ်းသာယာပလာဇာဈေး၊ ထီးတန်းဆေးရိုးတန်းဈေးတို့ ဖြစ်သည်။ ကုန်တိုက်များမှာ Capital ကုန်တိုက်နှင့် Orange ကုန်တိုက်တို့ ဖြစ်သည်။
အစိုးရ ပညာရေးကဏ္ဍတွင် မူလတန်းကျောင်း (၈)ခု၊ မူလတန်းလွန်ကျောင်း (၄)ခု၊ အလယ်တန်းကျောင်းခွဲ (၂)ခု၊ အလယ်တန်းကျောင်း (၃)ခု၊ အထက်တန်းကျောင်းခွဲ (၁)ခု၊ အထက်တန်းကျောင်း (၆)ခု ရှိသည်။ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၂)ခု ရှိသည်။ အစိုးရကျန်းမာရေးကဏ္ဍတွင် ကုတင် (၃၀၀) ရန်ကုန်အနောက်ပိုင်း ဆေးရုံ၊ ကုတင် (၃၀၀) အရိုးကုဆေးရုံ၊ (၁၆)ကုတင်ဆန့် စက်ဆန်းတိုက်နယ်ဆေးရုံတို့ ရှိသည်။
အနောက်ဘက်ကမ်းတွင် မြို့သစ်ကြီးတစ်ခု တည်ရန် အစိုးရအဆက်ဆက် စီမံဆောင်ရွက်ခဲ့သည်မှာ နှစ်အတော်ကြာခဲ့ပြီ ဖြစ်သည်။ ရန်ကုန်မြို့သစ်(အနောက်တောင်ဒေသ)စီမံကိန်းကို အနောက်ဖက်မြေဧရိယာဖြစ်သော ပန်းလှိုင်မြစ်နှင့် တွံတေးတူးမြောင်းကြားရှိ မြေဧရိယာတွင် အကောင်အထည်ဖော်ရန် စီစဉ်ဆောင်ရွက်လျက် ရှိသည်။ ဧက သုံးသောင်းနီးပါး အကျယ်အဝန်းကို လျာထားသည်။ ထိုဧရိယာတွင် တွံတေးမြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်တို့နှင့်အတူ ကြည့်မြင်တိုင်မြို့နယ် ပါဝင်သည်။ ကြည့်မြင်တိုင်မြို့နယ်မှ ဆိပ်ကြီး ဦးမြ ငါးစင်ရပ်ကွက်၊ စက်ဆန်း အောက်ရုံ အလတ်ချောင်းရပ်ကွက်၊ အေးရွာ ဘလုတ်ညွှန့် စက်ကလေးရပ်ကွက်နှင့် ဝါးရုံဆိပ်အေးရွာ(အနောက်)ရပ်ကွက် စုစုပေါင်း ရပ်ကွက် (၄)ခုသည် မြို့သစ်စီမံကိန်းဧရိယာတွင် ပါဝင်သည်။ ၎င်း ရပ်ကွက်(၄)ခုတွင် ဝါးရုံဆိပ် အေးရွာ(အနောက်)ရပ်ကွက် သည် ၂၀၀၄ ခုနှစ်မှ ကြည့်မြင်တိုင်မြို့နယ်တွင် ထည့်သွင်းခဲ့ခြင်းဖြစ်ပြီး ယခင်က တွံတေးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ဖြစ်ခဲ့သဖြင့် ယခုအခါ ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်းသို့ သွတ်သင်းရန် စီစဉ်ဆောင်ရွက်ခြင်း ဖြစ်သည်။ နောက်တချိန်တွင် မြို့သစ်ကြီးတစ်ခု စနစ်တကျ အဆင့်မြင့်မြင့်ဖြင့် ပေါ်ပေါက်လာပေလိမ့်မည်။